မျက်ကြည်လွှာ အစားထိုးကုသခြင်းအကြောင်း တစေ့တစောင်း
မျက်ကြည်လွှာဆိုတာ မျက်စိကို ဖုံးအုပ်ထားတဲ့ အခုံးပုံသဏ္ဍာန် ကြည်လင်တဲ့ အလွှာပါးကလေးပါ။ မျက်ကြည်လွှာဟာ မျက်စိထဲကို အလင်းဝင်ရာ တံခါးပေါက်ဖြစ်ပြီး အလင်းကို စုစည်းမှုရှိအောင် လုပ်ဆောင်ကာ မြင်ကွင်းကို ကြည်လင်စွာ မြင်ရစေပါတယ်။
မျက်ကြည်လွှာအစားထိုးကုသတယ်ဆိုတာ မျက်ကြည်လွှာရဲ့ တစ်ရှူးတွေကို အလှူရှင်ဆီက ရတဲ့ မျက်ကြည်လွှာက တစ်ရှူးတွေနဲ့ အစားထိုးကုသတာ ဖြစ်ပါတယ်။
မျက်ကြည်လွှာ အစားထိုးရတဲ့ အကြောင်းတွေ…
- မျက်ကြည်လွှာက ရှေ့ကို စူထွက်လာတာ
- Fuchs Dystrophy လို့ခေါ်တဲ့ မျက်ကြည်လွှာ ရောင်ရမ်းပြီး ထူလာတဲ့ရောဂါ ဖြစ်တာ (မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ရောဂါ)
- မျက်ကြည်လွှာ ပါးလာတာ သို့မဟုတ် စုတ်ပြဲတာ
- မျက်ကြည်လွှာ ရောင်တာ
- ရောဂါပိုး သို့မဟုတ် ထိခိုက်ဒဏ်ရာရတာကြောင့် မျက်ကြည်လွှာမှာ အမာရွတ်ဖြစ်တာ
- မျက်ကြည်လွှာမှာ အနာဖြစ်ပြီး ဆေးကုသမှုနဲ့ မပျောက်ကင်းတာ
- အရင်မျက်စိခွဲဖူးရာက နောက်ဆက်တွဲဆိုးကျိုး ဖြစ်တာတွေကြောင့် မျက်ကြည်လွှာ အစားထိုးကုသဖို့ လိုအပ်နိုင်ပါတယ်။
မျက်ကြည်လွှာ အစားထိုးမယ်ဆိုတာနဲ့…
မျက်စိဆရာဝန်က မျက်စိကို သေချာစစ်ဆေးပါတယ်။ သင့်တော်တဲ့ မျက်ကြည်လွှာကို ရှာဖို့ မျက်ကြည်လွှာရဲ့ အရွယ်အစားကို တိုင်းတာပါလိမ့်မယ်။ မျက်စိက ရောဂါပိုးဝင်နေတာ၊ ရောင်နေတာမျိုး ရှိနေရင် အစားထိုးကုသမှု အောင်မြင်နိုင်ခြေ နည်းလို့ အဆိုပါအခြေအနေတွေကို အရင် ကုသမှု လုပ်ရပါမယ်။
သောက်လက်စဆေးတွေ၊ ဖြည့်စွက်စာတွေ ရှိရင် သေချာပြောပြဖို့ လိုအပ်ပါတယ်။ ဆေးအများစုကို မျက်ကြည်လွှာ အစားမထိုးခင်နဲ့ အစားထိုးပြီးချိန်မှာ ရပ်ထားဖို့ လိုအပ်နိုင်တာမို့ မသောက်မဖြစ် သောက်ရမဲ့ ဆေးတွေရှိနေရင် သမားတော်နဲ့ သေချာဆွေးနွေးဖို့ လိုအပ်ပါတယ်။
မျက်ကြည်လွှာ အလှူရှင်ရှာခြင်း…
သေဆုံးပြီးသားသူရဲ့ မျက်ကြည်လွှာကိုသာ ယူရပါတယ်။ သေဆုံးပြီး ၂၄ နာရီအတွင်း မျက်ကြည်လွှာကို ထုတ်ယူလို့ ရပါတယ်။ ဘာရောဂါနဲ့ သေမှန်းမသိသူ၊ မျက်စိခွဲဖူးသူ၊ မျက်စိရောဂါပိုးဝင်နေသူတွေရဲ့ မျက်ကြည်လွှာကိုတော့ ယူလေ့မရှိပါဘူး။ မျက်ကြည်လွှာ အစားထိုးတာဟာ အသည်းနဲ့ ကျောက်ကပ်အစားထိုးသလို အလှူရှင်နဲ့ လက်ခံမယ့်သူရဲ့ တစ်ရှူးအမျိုးအစားတွေ တူညီနေဖို့ မလိုအပ်ပါဘူး။
မျက်ကြည်လွှာအစားထိုး ခွဲစိတ်မှုဟာ ၁ နာရီခန့် ကြာမြင့်နိုင်ပြီး မေ့ဆေး သို့မဟုတ် ထုံဆေးနဲ့ ပြုလုပ်လေ့ရှိပါတယ်။ မျက်ကြည်လွှာ တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ဖယ်ရှားပြီး အလှူရှင်ရဲ့ မျက်ကြည်လွှာနဲ့ လိုအပ်သလို အစားထိုးတာပါ။
အန္တရာယ် ရှိနိုင်လား?
အများအားဖြင့် အန္တရာယ်မရှိတဲ့ ခွဲစိတ်မှုဖြစ်ပြီး တခါတရံမှာတော့…
- မျက်စိပိုးဝင်တာ
- မျက်စိတွင်းဖိအား များပြီး ရေတိမ်ဖြစ်တာ
- သွေးထွက်တာ
- ချုပ်ရိုးမကျက်တာ၊ ချုပ်ရိုးပြေတာ
- မြင်လွှာရောင်ရမ်းတာ၊ မြင်လွှာကွာတာနဲ့
- အစားထိုးထားတဲ့ မျက်ကြည်လွှာကို ခန္ဓာကိုယ်က လက်မခံတာမျိုး ဖြစ်နိုင်ပါတယ်။
ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က အစားထိုးထားတဲ့ မျက်ကြည်လွှာကို မှားယွင်းတိုက်ခိုက်တဲ့အခါ မျက်စိနာလာတာ၊ နီလာတာ၊ အလင်းရောင်ကို မကြည့်နိုင်တာနဲ့ မမြင်ရတော့တာတွေ ဖြစ်နိုင်ပါတယ်။ အဲဒီလို ဖြစ်လာရင် ဆေးကုသမှုပေးတာ သို့မဟုတ် နောက်ထပ်မျက်ကြည်လွှာ အစားထိုးဖို့ လိုအပ်တာ ဖြစ်နိုင်ပါတယ်။ မျက်ကြည်လွှာ အစားထိုးပြီး နှစ်တွေကြာလာတဲ့အထိ မျက်ကြည်လွှာကို မှားယွင်းတိုက်ခိုကိတာ ဖြစ်နိုင်တာမို့ မျက်စိဆရာဝန်နဲ့ ပုံမှန်ပြသဖို့ အရေးကြီးပါတယ်။
မျက်ကြည်လွှာ အစားထိုးခွဲစိတ်မှု ပြီးတဲ့အခါ မျက်စိထဲ ပိုးမဝက်အောင်၊ ရောင်ရမ်းမှု သက်သာအောင်ပေးတဲ့ ဆေးတွေ၊ မျက်စဥ်းတွေကို ညွှန်ကြားတဲ့အတိုင်း အသုံးပြုဖို့ အရေးကြီးပါတယ်။ အနာကျက်တဲ့အထိ မျက်စိအုပ်ထားဖို့ သို့မဟုတ် မျက်မှန်တပ်ထားဖို့ လိုအပ်ပါတယ်။ မျက်စိကို မထိခိုက်အောင် သတိထားဖို့၊ မပွတ်ဖို့၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်ဖို့လည်း သတိထားရပါမယ်။
ခွဲပြီးစမှာ မျက်စိက ကောင်းကောင်းမြင်ရဦးမှာ မဟုတ်ပါဘူး။ အနာကျက်ဖို့က ရက်သတ္တပတ်ပေါင်းများစွာကနေ လပေါင်းများစွာအထိ ကြာနိုင်ပါတယ်။ အနာကျက်တာ သေချာသွားတဲ့အခါ မျက်စိဆရာဝန်က မျက်စိကို သေချာစမ်းသပ်စစ်ဆေးပြီး ပုံမှန်မြင်ရလား၊ အနီးမှုန်နေလား၊ အဝေးမှုန်နေလားဆိုတာပေါ် မူတည်ပြီးမျက်မှန်တပ်သင့်လား၊ မျက်ကပ်မှန် တပ်သင့်လား၊ လေဆာနဲ့ ပြုပြင်သင့်လား ဆိုတာကို ဆုံးဖြတ်ပါလိမ့်မယ်။
ဒီလောက်ဆိုရင် မျက်ကြည်လွှာ အစားထိုးကုသမှုအကြောင်းကို သိသင့်သလောက် သိသွားပြီ ထင်ပါတယ်။ မူရင်းလောက်တော့ ဘယ်အရာမှ မကောင်းတာမို့ မိမိရဲ့ မျက်ကြည်လွှာနဲ့ မျက်စိလေးကို ကျန်းမာအောင်၊ မထိခိုက်မိအောင် သတိထားပြီး နေကြဖို့ ပြောပါရစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်